အမေဆိုတာ သမီးတွေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကောင်းလို့လည်း ပြောလို့ရပါတယ်။
မိန်းကလေးတွေရဲ့ ဘဝက ထိလွယ်ရှလွယ်တာကြောင့် တချို့အရာတွေကို သမီးတွေ ငယ်စဉ်ကတည်းကနေ ပြောပြထားပေး သင့်ပါတယ်နော်။
အဲဒီလိုမှသာ အရွယ်ရောက်လာတဲ့အခါ စိတ်ဓါတ်ခိုင်မာပြီး ပျော်ရွှင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာမှာပါ။

၁။ ငြင်းဆန်တတ်ဖို့
မိဘတွေက ကလေးတွေကို ယဉ်ကျေးအောင်၊ တခြားသူတွေကို လေးစားမှု ထားတတ်အောင် သင်ပေးပါတယ်။
ယဉ်ကျေးတတ်ဖို့၊ လေးစားတတ်ဖို့အပြင် ယဉ်ယဉ်ကျေးကျေး ငြင်းဆန်တတ်အောင် သင်ကြားပေးဖို့လည်း အရေးကြီးပါတယ်။
ကမ္ဘာတစ်ဝှမ်းလုံးမှာ ကလေးတွေက စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော နေ့စဉ်စော်ကားခံနေရပါတယ်။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးတွေရဲ့ လုံခြုံရေးအတွက် ငြင်းဆန်တတ်တဲ့စကားတွေ သင်ပေးဖို့ တိုက်တွန်းထားပါတယ်။
၂။ အလှအပအပေါ် တန်ဖိုးထားမှု
လေ့လာချက်တွေအရ အမေက မျိုးရိုးကြောင့် မဟုတ်ဘဲ အဝလွန်နေရင် သမီးတွေကလည်း ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး
စိုးရိမ်ပူပန် တတ်ကြတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းရာကနေ စိတ်ဖိစီးမှုတွေပါ ဖြစ်လာစေပါတယ်။
အဲဒါကြောင့် အမေကိုယ်တိုင်က သမီးတွေ အားကျရလောက်အောင် လှပနေသင့်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ မိန်းကလေး တစ်ယောက်အတွက် အလှအပကလည်း အရေးပါလို့ပါ။

၃။ လိုအပ်တဲ့အချိန်မှာ အကူအညီ တောင်းတတ်ဖို့
ထက်မြက်တဲ့ အမျိုးသမီးတွေက ကိုယ့်အားကိုယ်ကိုးပြီး နှစ်ပေါင်းများစွာ ရပ်တည်နိုင် ကြပါတယ်။ ဒါပေမယ့် ကလေးအရွယ်မှာတော့
အကူအညီ တောင်းတတ်ဖို့က လိုအပ်ပါတယ်။ အကူအညီ တောင်းတယ်ဆိုတိုင်း အမြဲတမ်း သူများကို အားကိုးတာကို ဆိုလိုတာ မဟုတ်ပါဘူး။
အကူအညီတောင်းတာက အားနည်းချက် တစ်ခုလည်း မဟုတ်ပါဘူး။ တစ်ခါတရံမှာ ကိုယ်တိုင်မလုပ်နိုင်တဲ့ အရာတွေ ရှိတဲ့အခါ
အကူအညီတောင်းဖို့ လိုသလို ကိုယ်ကလည်း ပြန်ကူညီပေးဖို့ လိုအပ်ကြောင်း ပြောပြထားသင့်ပါတယ်။
၄။ ပျော်ရွှင်မှုကို ရှာဖွေမယ့်အစား ကိုယ်တိုင် ဖန်တီးယူတတ်ဖို
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသူတွေက ပျော်ရွှင်မှုကို သူများက ပေးမှရမယ်လို့ ထင်တတ်ကြပါတယ်။
အဲဒီအခါ ပျော်ရွှင်မှုအတွက် တစ်ဖက်သားကို အမြဲတမ်း မှီခိုသွားတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ပဲ ဖန်တီးနိုင်တာပါ။ အဲဒါကြောင့်..
– အကောင်းမြင်စိတ်
– ကျေးဇူးသိတတ်ခြင်းနဲ့ လေးစားမှုရှိခြင်း
– ပျော်ပျော်နေတတ်ခြင်း
– လိုက်လျောညီထွေ နေတတ်ခြင်း
– နေ့စဉ်လေ့ကျင့်ခန်းနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ
စတာတွေက လူတစ်ယောက်မှာ မဖြစ်မနေ လိုအပ်ကြောင်း သင်ပေးပါ။
သင့်ရဲ့ကလေးကို ဘယ်အရာပဲ သင်ပေးသင်ပေး သင်က ကလေးရဲ့ စံပြလူသား ဖြစ်နေမှာပါပဲ။
Credit – Zombie(lovemedia)