Shwe Pann Thee Knowledge လူတွေရဲ့ သွေးထဲထိ ရောက်လာတဲ့ ပလပ်စတစ်စများကို သိပ္ပံပညာရှင်များ စတင်တွေ့ရှိ

လူတွေရဲ့ သွေးထဲထိ ရောက်လာတဲ့ ပလပ်စတစ်စများကို သိပ္ပံပညာရှင်များ စတင်တွေ့ရှိ



ပလပ်စတစ်တွေ သွေးထဲရောက်နေတယ်ဆိုတာက မဖြစ်နိုင်ဘူး ထင်ချင်စရာနော်။ ဒီလောက်ကြီးတဲ့ ကျွတ်ကျွတ်အိတ်တွေ၊ ခွက်တွေ၊ အသုံးအဆောင်ပစ္စည်းတွေက ဘယ်လိုလုပ် သွေးထဲရောက်နေနိုင်မှာလဲလို့ တွေးမိလိမ့်မယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ဒီကိစ္စက ဖြစ်နေပါတယ်။ သွေးထဲမှာ ပလပ်စတစ်တွေ ရောက်နေနိုင်ပါတယ်။

ပလပ်စတစ်ဆိုတာက microplastics လို့ခေါ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ပလပ်စတစ်အမှုန်လေးတွေ ဖြစ်ပါတယ်။ ပလပ်စတစ်တွေကို တွင်တွင်ကျယ်ကျယ်စသုံးခဲ့တာက ၁၉၆၀ ဝန်းကျင်နောက်ပိုင်းကနေဖြစ်တယ်။ သယ်ဆောင်ရလွယ်တယ်၊ ပေ့ါပါးတယ်၊ အကြမ်းခံတယ်၊ ဈေးပါတယ်။ အဲဒီကနေစပြီး ပလပ်စတစ်အသုံးက ထိန်းချုပ်လို့မရအောင်ကိုတွင်ကျယ်လာခဲ့တာကနေ အခုဆိုရင် ပလပ်စတစ်မရှိတဲ့အိမ်၊ ပလပ်စတစ်မပါတဲ့ပစ္စည်းဆိုတာ မရှိသလောက်ပဲ။

အနှစ် ၆၀ လောက်ပဲ အသုံးပြုရသေးပေမယ့် ပလပ်စတစ်ဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခအပေးဆုံးနဲ့ အဆိုးရွားဆုံးအရာတစ်ခုဖြစ်လာတယ်။ ပလပ်စတစ်အကြီးစားတွေက ကုန်းနေရေနေ သတ္တဝါတွေကို ဒုက္ခပေးတဲ့အပြင် အကြီးအကျယ် အန္တရာယ်ဖြစ်တာကတော့ မိုက်ခရိုပလပ်စတစ်လို့ခေါ်တဲ့ မျက်စိနဲ့မမြင်ရလောက်အောင် သေးငယ်တဲ့ ပလစ်စတစ်အမှုန်အသေးစားတွေ ဖြစ်ပါတယ်။

အနှစ် ၆၀ လောက်အတွင်းမှာ လူတွေဟာ ပလပ်စတစ် တန်ချိန် သန်းရှစ်ထောင်လောက် ထုတ်လုပ်ထားပြီး အဲဒီထဲက ၁၀ ရာနှုန်းလောက်သာ ပြန်လည်သုံးစွဲကြတယ်။ ကျန်တဲ့ ၉၀ ရာနှုန်းပလပ်စတစ်တွေကတော့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းစေတဲ့အရာတွေအဖြစ် သက်ရှိတွေကို ဒုက္ခပေးပါတယ်။

ကျွန်တော်တို့ထင်ထားတာက ပလပ်စတစ်တွေက စုတ်ပြဲသွားရင် ဖျက်ဆီးလိုက်ရင် ပျက်စီးသွားပြီလို့ ထင်ထားတာ။ တကယ်တမ်းကျတော့ အဲဒီလို နဂိုပုံကနေ ပျက်သွားတဲ့ပလပ်စတစ်တွေက သေးငယ်တဲ့ပလပ်စတစ် မိုက်ခရိုပလပ်စတစ်တွေအဖြစ် ပုံပြောင်းသွားပြီး နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေပါတယ်။

အရင်ကတော့ မိုက်ခရိုပလပ်စတစ်တွေကို တိရစ္ဆာန်တွေဆီမှာပဲ တွေ့ရတာများပေမယ့် အခုနောက်ပိုင်းလေ့လာချက်တစ်ခုမှာတော့ လူတွေရဲ့ သွေးထဲမှာကို ပျော်ဝင်နေတဲ့ မိုက်ခရိုပလပ်စတစ်တွေကို သိပ္ပံပညာရှင်တွေက စတွေ့ရှိလာပါတော့တယ်။

မိုက်ခရိုပလပ်စတစ်တွေဟာလူသားတွေပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုတော့ အချိန်ယူလေ့လာရဦးမှာဖြစ်တယ်။ ဒါပေမယ့် ရိုးရိုးလေး စဉ်းစားကြည့်ရအောင်။ မီးဟာ ပူတတ်တဲ့သတ္တိရှိတဲ့အတွက် သက်ရှိသက်မဲ့မှန်သမျှ မီးနဲ့တွေ့ရင် ပူပါတယ်။ မိုက်ခရိုပလပ်စတစ်တွေဟာ တိရစ္ဆာန်တွေဆီမှာတွေ့ရသလောက် ဖွံ့ဖြိုးမှုရပ်တန့်စေတာ၊ မျိုးပွားနှုန်းကျဆင်းစေတာ၊ အစားစားချင်စိတ်ပျောက်ဆုံးတာ၊ တစ်ရှူးတွေရောင်ရမ်းတာနဲ့ အသည်းထိခိုက်တာတွေဖြစ်နိုင်တယ်။ ဒါဆိုရင် သက်ရှိဖြစ်တဲ့ လူသားတွေပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်စေမှာ သေချာတယ်။

ကျွန်တော်တို့ဆီမှာ သဘာဝပတ်ဝန်းကျင်ကိစ္စဆိုတာက အလေးထားစရာတစ်ခုလို့ကို ဘယ်သူမှထည့်မတွက်ကြသေးဘူး။ ပညာတတ်တယ်၊ လေ့လာနိုင်စွမ်းအားကောင်းတယ်ဆိုတဲ့သူတွေတောင် ပလပ်စတစ်အသုံးလျှော့ချတာ၊ ပြန်သုံးဖို့ကြိုးစားတာတွေကို လုပ်ရကောင်းစေလို့ မသတ်မှတ်ဘူး။

အမှိုက်ပုံကြီးတွေ ပိုကြီးလာတာကိုတွေ့ရလိမ့်မယ်။ ကိုယ်နေတဲ့ အိမ်၊ လမ်း ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ ပိုပိုများလာတာကို သတိထားမိလိမ့်မယ်။ ဒါဆိုရင်တော့ ကိုယ်မဖိတ်ခေါ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေကလည်း ပြေးလွတ်နိုင်မှာမဟုတ်တာကို သတိပြုရလိမ့်မယ်။

ဒေါက်တာသူရိန်လှိုင်ဝင်း

Leave a Reply

Your email address will not be published.