မြန်မာ့သမိုင်းမှာ နန်းတွင်းပြင်ပက ပြည်သူတွေ ရဲ့ လူမှုဘ၀ကို မှတ်တမ်းတင်တာ အင်မတန်ရှားပါတယ်။
အထူးသဖြင့် နေ့စဉ်ဘ၀မှာ မပြုလုပ်မဖြစ်တဲ့ အိမ်သာနဲ့ ပတ်သက်လို့ပေါ့။
ရှေးလူတွေ ဘယ်လိုအိမ်သာတက်ကြလဲ။

အိမ်သာနဲ့ ပတ်သက်လို့ မြန်မာ့သမိုင်းထဲ အစောဆုံးအထောက်အထားကတော့ အေဒီ ၁၁၆၇ ပုဂံမှာ နန်းတက်ခဲ့တဲ့ နရသူမင်းလက်ထက်မှာ တွေ့ရပါတယ်။
အိမ်သာတက်တဲ့အခါ ရေမသုံးတဲ့ နရသူမင်းကို ပဋိက္ခရားမင်းသမီးက အနားကပ်မခံတဲ့အတွက် ဘုရင်က စီရင်လိုက်တယ်ဆိုတဲ့ အထောက်အထားပါ။
အဲ့ဒီ အုံးမကီးမင်းတရားကို အကြောင်းပြုလို့ ပုဂံခေတ် အေဒီ ၁၂ ရာစုမှာ နန်းတော်တွင်း အိမ်သာရှိနေပြီ။ ရေသုံးပြီး သန့်စင်မှုပြုနေပြီလို့ ယူဆရပါတယ်။
အိမ်သာသုံးစက္ကူအသုံးပြုမှုကတော့ ကုန်းဘောင်ခေတ်ဘိုးတော်ဦးဝိုင်း လက်ထက်မှာ နန်းတွင်းမှာ စသုံးခဲ့တယ်လို့ သိရပါတယ်။
ရှင်ဘုရင်တွေရဲ့ တနေ့တာ အချိန်ဇယားမှာ နံနက် အိပ်ရာထချိန် မှာ အိပ်ဆောင်တော်မောင်းမ များနဲ့အတူ အိမ်သာတော်ကို သွားတက်ရပါတယ်။
စော်တသိုက်နဲ့.ပါတော်မူကိုယ်တော်ကြီးပေါ့။

အိမ်သာတော်ဟာ ဆယ်ပေပတ်လည်လောက်ကျယ်ပြီး လက်တင်ခေါင်းအုံး၊ လက်သုတ်ကတ္တီပါစ၊ အမွှေးနံသာ အစုံအလင်ပါရှိပါတယ်။
ဘုရင်အိမ်သာတက်အပြီး သန့်ရှင်းရေးကိစ္စ ဆောင်ရွက်ပေးမယ့် သူငယ်တော် လို့ ခေါ်တဲ့ အမှုထမ်းများလည်းရှိပါသေးတယ်။
ဘုရင်အိမ်သာက ထွက်တာနဲ့ အငြိမ့်တော်အပျိုတစ်ဦးက ထိပ်တန်း ရာဇဝတ်မှုဆိုင်ရာ အချို့ကို လျှောက်တင်ရပါတယ်။
ဘုရင်က လွတ်စေဆို အမှုလွတ်ပါတယ်။ ဘာမှ မမိန့်ရင်တော့ သူ့ဥပဒေအတိုင်း စီရင်ကြရပါသတဲ့။
အဲ့ဒီခေတ် ဘုရင် နဲ့နန်းတွင်းမူးကြီးမတ်ရာသူဌေးသူကြွယ်အသိုင်းအဝိုင်းက အိမ်သာသုံးနိုင်ပေမယ့် သာမန်အရပ်သားတွေကတော့ တောတိုးတဲ့ဓလေ့ကိုပဲ အများစုကျင့်သုံးဆဲလို့ ယူဆပါတယ်။
ဘာကြောင့်လဲဆိုတော့ စာရေးဆရာ B R Pearn ရဲ့ A History of Yangon စာအုပ်ထဲ ၁၇၉၅ ခု ရန်ကုန်ရဲ့ နိုင်ငံခြားသားရပ်ကွက်တွေမှာ စနစ်တကျ ရေမိလ္လာစနစ်ရှိနေပေမယ့် ဒေသခံဗမာရပ်ကွက်များတွင်တော့ တောတိုးသည့်ဓလေ့သာရှိသေးသည် လို့ မှတ်တမ်းတင်ထားပါတယ်။
၁၈၅၂ အင်္ဂလိပ် – မြန်မာဒုတိယစစ်ပွဲအပြီးမှာ အင်္ဂလိပ်တို့ဟာ ခေတ်မီရန်ကုန်မြို့ကို စတင်တည်ထောင်ခဲ့ပါတယ်။
ဥရောပသားတွေ၊ အိန္ဒိယသားတွေ၊ တရုတ်တွေ နဲ့အတူ အထက်မြန်မာပြည်က ရွှေ့ပြောင်းအခြေစိုက်သူတွေ များလာတဲ့အခါ လာသမျှလူ ပါကြတဲ့ အီအီးကိစ္စကလည်း ပြဿနာဖြစ်လာပါတယ်။
၁၈၅၂ မတိုင်ခင်ကတော့ နိုင်ငံခြားသားမဟုတ်တဲ့ ဒေသခံရန်ကုန်သားတွေဟာ အီအီးပါချင်ရင် နီးရာခြုံ တိုးလေ့ရှိကြပါတယ်။
အဲ့ဒီတုန်းက ရန်ကုန်ဟာ ဆူးလေတဝိုက် ဆိုတော့ ရန်ကုန်သားတွေဟာ အီးပါချင်တဲ့အခါ ပုဇွန်တောင်ဘက်က တောတန်းတွေထဲ သွားပြီး ပါကြပါတဲ့။
(ခုနေ ပုဇွန်တောင်ကို တူးဖော်ကြည့်ရင် ရန်ကုန်သူ ရန်ကုန်သားစီနီယာဘိုးဘွားတွေရဲ့ အီးဖြစ်ရုပ်ကြွင်းတွေ ဘာတွေ တွေ့နိုင်ကောင်းရဲ့..ငိ)
၁၈၅၂ မှာတော့ စစ်အင်ဂျင်နီယာ လက်ဖနင်တင်ဖရေဇာ ဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်မြို့သစ်တည်ဆောက်ရေးစီမံကိန်းနဲ့အတူ မိလ္လာစနစ်သစ်ကို စတင်တည်ဆောက်ပေးခဲ့ပါတယ်။
ပထမဆုံး ရန်ကုန်မြူနီစပယ်အဖွဲ့က တီထွင်လိုက်တဲ့ စနစ်က မြို့တွင်းက မိလ္လာမြောင်းတွေကို ကန်ပုံစံ တဆက်တည်းတူးလိုက်တာပါပဲ။ ပြီးတာနဲ့ အဲ့ဒီကန်တွေကို ရန်ကုန်မြစ်နဲ့ ချိတ်ဆက်လိုက်ပါတယ်။
ဒီတော့ မြစ်ရေတက်တဲ့အခါ ကန်တွေထဲ ရေပြည့်ပြီး မြစ်ရေကျတဲ့အခါ အညစ်အကြေးတွေဟာ ရေနဲ့အတူ မြစ်ထဲပြန်ပါသွားတဲ့စနစ်ပါ။
နောက်ပိုင်းမှာ မြို့ကွက်က တဖြည်းဖြည်းကျယ်လာတဲ့အခါ ရန်ကုန်မြစ်ရေမရောက်နိုင်တဲ့ နေရာတွေ ရှိလာပါတယ်။
အဲ့ဒီအခါဒေါက်တာမောင့်ဂိုမာရီက ရန်ကုန်ကို စင်ကာပူမြို့တည်ပုံစံအတိုင်း မိလ္လာစနစ်ထားဖို့ အကြံပြုခဲ့ပါတယ်။
(နောက်ပိုင်းတွင် ရန်ကုန်မြို့တည်ပုံစံအတိူင်း စင်ကာပူကို ပြန်အတုယူတည်ဆောက်ခဲ့ပြန်တယ်တဲ့..ပတ်ချာလည်ရိုက်နေကြတာပါ)
ဒီနည်းကတော့ရပ်ကွက်အသီးသီးက နေအိမ်တွေမှာ ရှိတဲ့ မိလ္လာပိုက်တွေကို စုပေါင်းဆက်သွယ်ပြီး မြေအောက်ပိုက်လိုင်းကနေတဆင့် လူနေရပ်ကွက်နဲ့ ဝေးတဲ့ မြစ်အတွင်းစွန့်တဲ့နည်းပါ။
နောက်ပိုင်းမှာတော့ ဗိုလ်တစ်ထောင်မြို့နယ်မှာ မိလ္လာသန့်စင်စက်ရုံတစ်ခုဆောက်ပြီး အညစ်အကြေးအားလုံး အဲ့ဒီကို ပို့ သန့်စင်စေပြီးမှ နောက်ဆုံးအဆင့်ကို ရန်ကုန်မြစ်ထဲ စွန့်တဲ့နည်းပညာဖြစ်လာပါတယ်။
မိလ္လာစနစ်သစ်အရရန်ကုန်သားတွေပါသမျှ မြေအောက်ပိုက်လိုင်းတွေက တဆင့် ဗိုလ်တစ်ထောင်မြို့နယ်ထဲက မိလ္လာသန့်စင်စက်ရုံကို ရောက်ပါတယ်။
အီးကို သန့်စင်ပေးတာဆိုတော့ အီးစပါး ပဲ ဆိုကြပါစို့။
အဲ့ဒီအီးစပါးက ထွက်လာတဲ့ သန့်စင်ပြီး နောက်ဆုံးအဆင့် အီအီးတွေကို ရန်ကုန်မြစ်ထဲကို စွန့်ပစ်ပါသတဲ့။
၁၈၆၃ မှာတော့ ပုဇွန်တောင်၊ တာမွေစတဲ့ ရန်ကုန်အရှေ့ပိုင်း ဆင်ခြေဖုံးမြို့သစ်ရပ်ကွက်တွေပေါ်လာတဲ့အခါ လူနေများပြားလာတဲ့အတွက် ပထမမိလ္လာစနစ်များဟာ မလုံလောက်တော့ပါဘူး။
အဲ့ဒီအခါမှာတော့ အိမ်သာကို ဇလားနဲ့ ပါတဲ့စနစ်ကို ပြုလုပ်ပြီး ရန်ကုန်မြူနီစပယ်လက်အောက်ခံ ၊ အမှိုက်သိမ်းအဖွဲ့က ဇယားတွေကို လိုက်သိမ်း၊ မြင်းလှည်း၊နွားလှည်းတွေနဲ့ တင်ပြီး ရန်ကုန်မြစ်ထဲ ပစ်ရတဲ့စနစ်ကိုပါ ကျင့်သုံးရပါတော့တယ်။
၁၈၈၇ နို၀င်ဘာ ၁၁ ရက်နေ့မှာတော့ မြူနီစပယ်အဖွဲ့က ကန်ထရိုက်ပေးထားတဲ့ Messes.Shone &Ault ကုမ္ပဏီက ရေအားနဲ့ လေအားပေါင်းစပါသောစနစ်( Hydre Pneumatic System) ကို ရူပီး ၃၁ ကုဋေအကုန်ခံပြီး အသုံးပြုခဲ့ပါတယ်။
အဲ့ဒီစနစ်ဟာ ရန်ကုန်မြို့တွင်းနဲ့ အလုံ၊သိမ်ဖြူ၊ ပုဇွန်တောင်ဘက်တွေအထိ အသုံးပြုနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း လူဦးရေများတဲ့ ဆင်ခြေဖုံးတွေမှာတော့ ဇလားစနစ်နဲ့ အိမ်သာတွင်းနက်နက်တူးပြီး မြေပြန်ဖို့တဲ့ စနစ်တွေကို သုံးနေရဆဲပါတဲ့။
မြို့ပြတစ်ခုမှာ စာရေးသောက်ရေး နေရေးထိုင်ရေးအပြင် နောက်ထပ် ပါရေး ပေါက်ရေးဟာလည်း ဘယ်လောက်အရေးပါတယ်ဆိုတာ ဒီအချက်ကို ကြည့်တာနဲ့ သိနိုင်ပါတယ်။
ချစ်သောရန်ကုန်မြို့ကြီးမှာ ကျွန်တော်တို့ အေးအေးဆေးဆေး လော့ကလေးချ၊ ဖင်ကလေးချွတ်၊ ဖုန်းကလေးပွတ်၊ ရေကလေးဆွဲနိုင်ဖို့ ခေတ်အဆက်ဆက် က ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ အီးသမိုင်းက သက်သေပါပဲ။
မောင်ဗြိ
Ref
ဦးကုလားမဟာရာဇဝင်ကြီး
Noel F Singer ; City of Shwedagon,Old Rangoon
B R Parm; History of Rangoon
သူငယ် နှင့် သူငယ်တော် ဒေါ်ကြန်