Shwe Pann Thee Health ကင်ဆာရောဂါနှင့် အနာဂတ်ဆေးပညာ

ကင်ဆာရောဂါနှင့် အနာဂတ်ဆေးပညာ



ကင်ဆာရောဂါကို ကုသဖို့ သုတေသန လုပ်ကြတဲ့အခါမှာ ပုံမှန်ဗီဇ သွေဖည်မှု ပုံစံတွေကို တွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကြောင့် အနာဂတ် ဆေးကုသမှုဟာ တဦးချင်း ထူးခြားချက် အခြေခံကုသချက်မျိုး ဖြစ်လာလိမ့်မယ်လို့လည်း ပညာရှင်တွေက ဆိုပါတယ်။ AP သတင်းကို အခြေခံပြီး ဦးတင်မောင်သန်း တင်ပြပေးထားပါတယ်။

ကင်ဆာရောဂါရဲ့ သဘောကို သိပ္ပံပညာက ပိုလို့ သဘောပေါက်လာတာနဲ့အမျှ လူတယောက်ချင်းရဲ့ ရောဂါသဘာဝကို ပိုနားလည်ပြီး တဦးချင်း အခြေခံကုသနိုင်ဖို့ ဒီကနေ့ ဆေးပညာက ကြိုးစားနေပါတယ်။ ကင်ဆာဟာ အဖုအကြိတ်အမျိုးမျိုးထဲက ဆိုးဝါးတဲ့ အဖုအကြိတ်တမျိုးလို့ သာမန်လူတွေက နားလည်ကြပါတယ်။ ပြန့်ပွားတတ်တယ်လို့လည်း သိကြပါတယ်။ အဲဒီလိုဖြစ်ရတာက cell လို့ အင်္ဂလိပ်လို ခေါ်တဲ့ အနုကြည့်မှန်ပြောင်းနဲ့ ကြည့်မှ မြင်ရတဲ့ ကလာပ်စည်းတွေက ပုံမှန်ပွားသလို မဟုတ်ဘဲ ထိန်းချုပ်လို့ မရလောက်အောင် ပွားလာလို့ပါ။ ခုအခါမှာတော့ အဲဒီ ကလာပ်စည်းတွေထဲမှာရှိတဲ့ gene ခေါ် ဗီဇရုပ်တွေအထိ စက်တွေနဲ့ ကြည့်ရှုလေ့လာနိုင်ကြပါပြီ။ ကင်ဆာရဲ့သဘောကို အမေရိကန်နိုင်ငံ Allegheny ကောလိပ်က ပါမောက္ခ ဒေါ်ရည်မွန်သူက ခုလို ရှင်းပြပါတယ်။

“ကင်ဆာဆိုတာ ကလာပ်စည်းတွေ အများကြီးပွားလာတယ်။ လိုအပ်တာထက် ပိုပြီး ပွားလာလို့ပေါ့။ လူသိသိပ်မများဘူးလို့ ထင်ရတဲ့ အရာကတော့ မျိုးရိုးဗီဇ ပြောင်းလဲသွားလို့၊ ကင်ဆာဆိုတာ မျိုးရိုးဗီဇမှာ အချက်အလက် ပြောင်းလဲသွားလို့၊ အဲဒီကနေ ဖြစ်လာတဲ့ ရောဂါပေ့ါ။”

သိပ္ပံပညာရှင်တွေက မတူတဲ့ ကင်ဆာ ၁၉ မျိုးရဲ့ နမူနာ ၁၈,၀၀၀ ကျော်က genome sequencing လို့ အင်္ဂလိပ်လိုခေါ်တဲ့ မျိုးရိုးဗီဇအစဉ်ကို လေ့လာကြပါတယ်။ ဂျီနုမ်း အဓိပ္ပာယ်ကို ဆရာမ ရည်မွန်သူက ခုလို ဆက်ရှင်းပြပါတယ်။

“မျိုးရိုးဗီဇ အချက်အလက်တွေ အကုန်လုံး စုစည်းထားတဲ့ဟာကို ဂျီနုမ်းလို့ ခေါ်တယ်ပေါ့နော်။ အလွယ်ပြောရရင်တော့ လက်တာ ၄ မျိုးပေါ့၊ ဓာတုဖွဲ့စည်းပုံ ၄ မျိုးပေါ့။ ဆိုတော့ ADGC ဆိုတဲ့ အဲဒီ ၄ မျိုးပေါ့။ အဲဒီ ၄ မျိုးကို ဘယ်လိုစီလဲပေါ် မူတည်ပြီးတော့ အချက်အလက်တွေက ပြောင်းလဲသွားတယ်။ ဘယ်လိုမျိုး စီလို့ရလဲ။ မျိုးစုံစီလို့ရတယ်ပေါ့နော်။ အဲ့တော့ လူတွေက လူတယောက်ချင်းစီ တယောက်ချင်းစီမှာ အဲဒီ စီတဲ့ပုံစံက နည်းနည်းလေး နည်းနည်းလေး ကွဲသွားတယ်။ အဲ့တော့ ကင်ဆာဖြစ်တဲ့အချိန်မှာ တချို့ ကင်ဆာဆဲလ်တွေက မျူတေးရှင်းလို့ခေါ်တဲ့ သွေဖည်မှုပေါ့၊ ပုံမှန်အစီအစဉ်ကနေပြီးတော့ ပုံမှန်အချက်အလက်ကနေ သေဖည်သွားတယ်၊ ဒါကို မျူတေးရှင်းလို့ သုံးကြတယ်ပေါ့နော်။ အဲ့တော့ အဲဒီ မျူတေးရှင်းကို သိလာခြင်းအားဖြင့် သိရုံတင်မကဘူး၊ မျူတေးရှင်း တခုချင်းစီကို သိရုံတင်မကဘူး၊ အခုက တဖြည်းဖြည်းနဲ့ ဒီ ဂျီနုမ်းကြီးတခုလုံးရဲ့ အချက်အလက်တွေ အကုန်လုံးကို သိလို့ရတယ်။ ဒီ တက်ကနော်လော်ဂျီက တိုးတက်လာတဲ့အတွက် ဒီ ဂျီနုမ်းတခုလုံးရဲ့ အစီအစဉ်အတိုင်းကို ဘယ်ဆဲလ်ပဲဖြစ်ဖြစ် ယူလိုက်လို့ရှိရင် ဒါ ဒီအချက်အလက်ကို စုစည်းလို့ရတယ်၊ သိပ္ပံပညာရှင်တွေက။”

အဲဒီလို မျိုးရိုးဗီဇ လေ့လာချက်ကနေ ကင်ဆာဖြစ်ရတဲ့အကြောင်းကို ပြောနိုင်တဲ့ အမှတ်သရုပ်တွေ ၅၈ ခုကို ဖော်ထုတ်လို့ ရခဲ့ကြပါတယ်။ အဲဒီအမှတ်အသားတွေက ပုံမှန်အစဉ်ကနေ သွေဖည်တာနဲ့ ဆက်စပ်နေပါတယ်။ လူနာရဲ့ ဒီအင်န်အေထဲမှာ အပြောင်းအလဲ ရှိလာပါတယ်။ အဲဒီ အမှတ်လက္ခဏာတွေကို အင်္ဂလိပ်လိုတော့ mutational signatures လို့ ခေါ်ပြီး မျိုးဗီဇ သွေဖည်မှု အမှတ်အသားများလို့ အဓိပ္ပာယ် ရပါတယ်။ ဆရာမ ရည်မွန်သူက ခုလို ဆက်ရှင်းပြပါတယ်။

“အရင်တုန်းကတော့ ကင်ဆာဆိုတာ ခုနပြောတဲ့အတိုင်း ကလာပ်စည်းတွေ အများကြီးပွားလာ၊ လိုအပ်တာထက် ပွားလာလို့ ဖြစ်လာတဲ့အတွက် လူတွေက အဲဒီအချိန်တုန်းကတော့ ဘယ်ဆေးပဲဖြစ်ဖြစ် ပွားနေတဲ့ဆဲလ်တွေ ပွားနေတဲ့ ကလာပ်စည်းတွေကို သတ်နိုင်တဲ့ဆေးဆိုရင် သုံးကြတယ်ပေါ့။ အဲဒီအခါကြတော့ ကိုယ်ခန္ဓာထဲမှာ ကင်ဆာမဖြစ်ဘဲနဲ့လည်း ပွားနေတဲ့ ကလာပ်စည်းတွေရှိတယ်။ ပွားစရာလိုတဲ့ ကလာပ်စည်းတွေရှိတယ်။ အထူးသဖြင့် ဘုန်းမဲရိုးပေါ့။ ရိုးတွင်းချဉ်ဆီထဲမှာပေါ့။ အဲဒီထဲက ကလာပ်စည်းတွေ ပွားလာပြီးတော့ ကိုယ်ခန္ဓာထဲက သွေးဆဲလ်တွေ ဖြစ်လာဖို့အတွက် သွေးကလာပ်စည်းတွေ ဖြစ်လာဖို့အတွက်ပေါ့။ အဲဒါ လိုအပ်တယ်။ အဲဒါကြောင့်မို့ အဲဒီအချိန်တုန်းက ကင်ဆာကုတဲ့ ဆေးတွေက ကင်ဆာဆဲလ်တွေ ကင်ဆာကလာပ်စည်းတွေကိုပဲ သေချာ ထိုးစစ်ဆင်တာမဟုတ်ဘူး။ ဘယ်ကလာပ်စည်းပဲဖြစ်ဖြစ် အပွားမြန်တဲ့ ကလာပ်စည်းဆိုရင် ဒီဆေးနဲ့ ထိတယ်ပေါ့နော်။ အဲဒါကြောင့်မို့ လူတွေက နေမကောင်းဖြစ်တယ်ဆိုတာ အဲဒီကလာတာပေါ့။”

ကင်ဆာဗီဇရုပ်တွေကို ခုလိုလေ့လာလို့ ရလာတာက စက်တွေရဲ့ စွမ်းအား ပိုကောင်းလာလို့ပါ။

အဲဒီ မျိုးဗီဇသွေဖည်မှု အမှတ်အသားတွေက တယောက်နဲ့တယောက် မတူကြပါဘူး။ ဒီ ဗီဇအမှတ်အသားတွေအကြောင်းကို ကင်းဘရစ်ဂျ်တက္ကသိုလ်က မျိုးဗီဇ ဆေးပညာနဲ့ ဇီဝသတင်းအချက်အလက်ပညာ ပါမောက္ခ Serena Nik-Zainal က ခုလို ပြောပြပါတယ်။

“ဗီဇသွေဖည်မှု အမှတ်သရုပ်တွေက လူတယောက်ချင်းရဲ့ ကင်ဆာရောဂါဆိုင်ရာ အချက်အလက်တွေကို ပေးပါတယ်။ တယောက်ချင်းလိုက် ထူးခြား ကွဲပြားပါတယ်။ ဒါက အရင်တုန်းက ကျမတို့ မမြင်ခဲ့ဘူးတဲ့ အကြောင်းအရာပါ။ ကျမတို့က ဗီဇရုပ်ကို ကြည့်မယ်။ လူများစွာမှာ အဲဒီ ဗီဇရုပ်မျိုးက ပွားများနေတာ သိပါတယ်။ ဒါပေမဲ့ ခုအခါမှာတော့ ပွားများပုံ ပုံစံတွေကို မြင်လာနိုင်တဲ့အတွက် ဘာတွေလွဲမှားနေတယ် ဆိုတာကို အဲဒီ ပွားများပုံ ပုံစံတွေကြည့်ပြီး ပြောလာနိုင်ပါတယ်။ ဒါက လုံးဝကို သတင်းအချက်အလက် အသစ်ပါ။”

အဲဒီလို ဗီဇသွေဖည်မှု ပုံစံတွေက လူတယောက်ရဲ့ ကလာပ်စည်းတွေအတွင်းမှာ ပြဿနာရှိနေရင်လည်း ပေါ်ပေါက်လာတတ်ပါတယ်။ ဒါမှမဟုတ် ဆေးလိပ်လို၊ ဓာတုပစ္စည်းတွေလို၊ ခရမ်းလွန်ရောင်ခြည်လို အစရှိတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်တွေကြောင့်လည်း ပေါ်လာတတ်ပါတယ်။

ဒါကြောင့် အဲဒီ ဗီဇသွေဖည်မှုပုံစံတွေရဲ့ အကြောင်းကို သိနားလည်ဖို့ အရေးကြီးပါတယ်။ ဘာဆေးဝါးကို ဘယ်လိုတုံ့ပြန်သလဲ နားလည်ဖို့ လိုပါတယ်။ ဒါမှ လူနာတယောက်ချင်းပေါ် မူတည်ပြီး ကုသနိုင်မှာပါ။

ဒါကြောင့် ကင်ဆာကုသရေးပညာမှာ ဗီဇအစဉ် လေ့လာရေးကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။ ဆေးပညာဟာ ဝေဒနာရှင် တဦးချင်းစီရဲ့ ဗီဇအဆင့်အထိ အနုစိတ် နားလည် ကုသရေးကို ကူးပြောင်းနေပါပြီ။

အနာဂတ် ဆေးပညာဟာ လူတဦးချင်း လေ့လာချက် အခြေခံတဲ့ ဆေးပညာ personalized medicine ဖြစ်လာဖို့ ကြိုးစားနေကြပါတယ်လို့ ပါမောက္ခ ဒေါ်ရည်မွန်သူက ပြောပါတယ်။

Credit VOAnews

Leave a Reply

Your email address will not be published.