Shwe Pann Thee Knowledge ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ရှမ်းပြည်နယ်ကဂူကြီး

ကျောက်ခေတ်လူသားတွေ နေထိုင်ခဲ့တဲ့ရှမ်းပြည်နယ်ကဂူကြီး



ကျောက်ခေတ်လူသားတွေအစဉ်အဆက်နေထိုင်ခဲ့တဲ့အချက်အလက်အထောက်အထားများ ခိုင်ခိုင်လုံလုံတွေ့ရှိရသည့်ဂူ မြန်မာပြည်မှာရှိပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ် အနောက်ဘက်ယွန်းယွန်း ၁၀ မိုင်ခန့်အကွာတွင်တည်ရှိတဲ့ ပြဒါးလင်းဂူ(ဗဒလင်းဂူ)ပဲဖြစ်ပါတယ်။

မြန်မာပြည်၌ရှိသော ဂူကြီးများအနက် အကြီးဆုံးဂူလည်းဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀ အမြင့်တွင် ရှိပြီး ဂူပုံစံဟာပုတတ်(ပဒတ်) ခေါင်းထောင် နေသလိုလို ခပ်မြင့်မြင့် ခပ်မော့မော့ရှိနေလို့ ဗဒတ်လိုဏ်ဟုခေါ်ဆိုခဲ့ပြီး နောက်ပိုင်းမှ ပြဒါလင်းဂူလို့ ခေါ်ဆိုခဲ့တာပါ။

ကျောက်ဂူအတွင်းရှိ ကျောက်စက်ပန်းဆွဲများနှင့် ကျောက်စက်မိုးမျှော်များတွင် ဖော့စဖောရပ်ဓာတ်ပါဝင်မှုကြောင့် တလက်လက်တောက်ပနေသဖြင့် ပြဒါးလင်းဂူဟု ပညာရှင်များက ပြင်ပြီးခေါ်ဆိုခဲ့ကြတာပါ။

ဂူအမှတ် (၁) နှင့် ဂူအမှတ် (၂) ဟူ၍ရှိပါတယ်။ ဂူတစ်ဂူနှင့်တစ်ဂူ ကိုက် ၂ဝဝ သာကွာဝေးပါတယ်။ ဂူအမှတ် (၁) သည် နံရံဆေးရေးပန်းချီများရှိသော ဂူဖြစ်ပြီး အလျားပေ ၈၀ ခန့်ကျယ်ပြီး၊ အနံ ၂၀ ပေနှင့် အမြင့် ၁၄ ပေခန့် ရှိသောဂူဖြစ်ပါတယ်။

ဂူနံရံပေါ်တွင် နီညိုရောင် ရေးဆွဲထားသော ပန်းချီရုပ်ပုံများ ရှိနေပြီး လက်ဝါးပုံနှစ်ခု ၊ နေပုံတစ်ခုနှင့် တိရိစ္ဆာန်ပုံများ အပါအ၀င် ၁၂ ပုံခန့်ရှိပါတယ်။ သုတေသီများက ပြဒါလင်းဂူမှကျောက်ခေတ်လက်ရာပုံများသည် အနောက်တိုင်း ကျောက်ခေတ်လက်ရာများနှင့် တူညီမှုရှိကြောင်း မှတ်ချက်ပြုထားပါတယ်။

ဂူအမှတ် (၂)သည် ဂူကြီး ၅ ခု တစ်ဆက်တည်းဖြစ်နေပြီး၊ ပေ ၈၀၀ ခန့်ရှည့်လျား၍ အကျယ်ဆုံးနေရာမှာ ပေ ၃၀၀ ခန့်၊ အမြင့်ဆုံးနေရာမှာ ပေ ၉၀ ခန့်ရှိပါတယ်။ အမိုးများမှာ မြေပြိုကျ၍ အကျယ် ၅ ပေမှ ၁၅ ပေခန့်ရှိသော အမိုးပေါက် ၆ ခု ရှိသဖြင့် လေဝင်လေထွက်အလင်းရောင် ကောင်းမွန်စွာရပါတယ်။‌

သဘာဝထုံးကျောက်များမှ ဖြစ်ပေါ်လာသော ကျောက်လည်တိုင် ကျောက်ဆက်မိုးမျှော်၊ ကျောက်ဆက်ပန်းဆွဲများဖြင့် ပြဒါးအလင်းရောင်တောက်နေသော ထုံးကျောက်ခရစ်စတယ်များဖြင့် လွန်စွာလှပပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း(နှစ်သန်း)ခန့်ကပင်လယ်အောက်ရေစီးကြောင်းများကြောင့် ဤမျှကြီးမားသော သဘာဝဂူကြီး အဖြစ် တည်ရှိခဲ့ဟန်တူပါတယ်။ဂူအမှတ်၂ မှာတော့ကျောက်ခေတ်လူသားများ နေထိုင်ခဲ့သည့် အထောက်အထားမတွ့ရပါဘူး။

၁၉၃၇_၁၉၃၈ခုနှစ်တွင် ရှမ်းပြည်နယ်ရှိဂူများကို အပါ်ယံစုံစမ်းစစ်ဆေးမှုအား အမေရိကန်အရှေ့တောင်ပိုင်း လူသားများအတွက် လေ့လာရေးတောင်တက်အဖွဲ့မှ ပြုလုပ်ခဲ့တယ်လို့လဲ သိရပါတယ်။

ဘူမိဗေဒပညာရှင် ဦးခင်မောင်ကျော်က ၁၉၆၀ တွင် ဂူအတွင်းရှိ နံရံဆေးရေးပန်းချီများကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၆၉ မှ ၁၉၇၂ ခုနှစ်အတွင်း မြန်မာအစိုးရဟာ ပိုမိုနက်ရှိုင်းသော စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်၊၂၀၀၈ ခုနှစ် တွင်လည်း သုတေသနပညာရှင်များက ဂူသို့နောက်ထပ်လာရောက်ပြီး ထပ်မံတူးဖော်ခဲ့ပြန်ပါတယ်။တချို့ကလည်း ၁၉၆၈ မှာရွာငံမြို့နယ်ညောင်ကြတ်ရွာမှနွားကျောင်းသားကလေးငယ် ၂ ယောက်က စတင်တွေ့ ရှိသတင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

တူးဖော်မှုမှ ကျောက်ခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့ နံရံပန်းချီတွေကို တွေ့ရှိခဲ့ရုံသာမက ကျောက်လက်နက်အကောင်း၊ အကျိုးစုစုပေါင်း ၁၆ဝဝ ကျော်၊ တိရစ္ဆာန်တို့၏ အရိုးအပိုင်းအစများ၊ ပြာများ ၊အိုးခြမ်းပဲ့များ၊ မီးသွေးခဲများ၊ ပန်းချီရေးဆွဲရာတွင် အသုံးပြုသော မြေနီခဲများကိုတွေ့ရှိခဲ့ပါတယ်။

တူးဖော်မှုမှ တွေ့ခဲ့ရတဲ့ မြေနီခဲ(Red Ochre)ကြောင့် ကျောက်ခေတ်လူသားများ ရေးဆွဲခဲ့သည်မှာထင်ရှားကြောင်းလေ့လာသိရှိရပါတယ်။ ဂူထဲမှာအစဉ်မပြတ်မီးဖိုပြီး နေခဲ့လို့သာ ပြာထုလေးပေ ကျန်ရစ်ခဲ့တာဖြစ်ပြီး ပြာထုအရ ခန့်မှန်းကြည့်လျှင် ဂူအတွင်းမှလူများဟာ အနှစ်တစ်သောင်းကျော်က နေခဲ့ကြတယ်လို့ ပညာရှင်များက လေ့လာခန့်မှန်းကြပါတယ်။

ပြဒါးလင်းဂူမှ ကျောက်ခေတ်ယဉ်ကျေးမှုဆိုင်ရာ တွေ့ရှိချက်များဟာ မြန်မာ့ကျောက်ခေတ် ယာဉ်ကျေးမှုကိုသာမက အရှေ့တောင်အာရှကျောက်ခေတ်နှင့်လူ့သမိုင်း၊ ကမ္ဘာ့ကျောက်ခေတ်နှင့်ယဉ်ကျေးမှုသမိုင်းတို့အတွက်လည်းအထောက်အထားအင်အား ဖြည့်စွက်ပေးလျက်ရှိပါတယ်။

ယခုအခါ ရှေးဟောင်းသုတေသနဌာနမှ စနစ်တကျ ပြုပြင်ထိန်းထားပြီး ကျောက်ခေတ်ကအကြောင်းအရာများ၊ တောတောင်ရှူ့ခင်းမျာကိုလေ့လာရင်း သွားရောက်လည်ပတ်သင့်တယ်လို့ မှတ်ချက်ပြုပါရစေ။

မြန်မာနိုင်ငံ ကျောက်ခေတ်သက်တမ်းကာလတွင် လူသားများနေထိုင်ခဲ့ဖွယ်ရှိသည့် သဘာဝလှိုဏ်ဂူများအနက် ရှမ်းပြည်နယ်အတွင်း မုံတဝဂူ၊ ပေါ်လပတ်ဂူ၊ ဗုဒ္ဓေါဇိနောဂူ၊ ပါပန့်ဂူ၊ ဆူးဇောင်းဂနိုင်ဂူ၊ ကျောက်တိုင်ဂူ၊ တောင်ဘို့တောင်ဂူ၊ ထပ်အိမ်ဂူ၊ကျောက်ရေအိုးဂူ စသည်တို့လည်း တည်ရှိနေပါတယ်။

crd

Leave a Reply

Your email address will not be published.