Shwe Pann Thee Global News ဂေဟာက ခွေးလေးတွေ ပိုပြီး ချစ်စရာကောင်းလာအောင် ဖန်တီးပေးနေတဲ့ ကောင်လေး

ဂေဟာက ခွေးလေးတွေ ပိုပြီး ချစ်စရာကောင်းလာအောင် ဖန်တီးပေးနေတဲ့ ကောင်လေး



မနက်မိုးလင်းလို့ နေ့သစ်တခု စတင်လာတိုင်း ကိုယ့်အတွက် ဘယ်လို အဓိပ္ပါယ်တွေ ရှိနေမလဲဆိုတာ မသိပေမယ့် ဂေဟာက ခွေးလေးတွေအတွက်တော့ မျှော်လင့်ခြင်းနေ့သစ်တရက်ပါပဲ။ သူတို့ တသက်လုံး ပျော်ရွှင်စွာ နေထိုင်သွားနိုင်မယ့် မိသားစုနဲ့များ ဆုံတွေ့ရမလားဆိုပြီး နေ့တိုင်း မျှော်လင့်နေကြရရှာတာပါ။

ဒါပေမယ့် ခွေးလေးတွေအများစုကတော့ ဂေဟာမှာပဲ သက်ဆုံးတိုင် အရိုးထုတ်သွားကြရတတ်ပါတယ်။ ချစ်ခြင်းမေတ္တာ ပေးမယ့် မိသားစုတခုခုကို နေ့စဉ်နေ့တိုင်း လည်ပင်းရှည်အောင် မျှော်လင့်နေကြရှာတဲ့ သူတို့လေးတွေအကြောင်း တွေးမိတိုင်း ဝမ်းနည်းရပါတယ်။

Image Credits
ဒီအကြောင်းကို သိရှိခံစားလိုက်ရတဲ့ အသက် (၁၂) နှစ်အရွယ် ကောင်လေးတဦးက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ တတ်နိုင်သလောက် ကူညီဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

ခွေးလေးတွေကို ပိုပြီး ချစ်စရာကောင်းလာအောင် လည်ပတ်အစား ဘိုးတိုင်လေးတွေနဲ့ အလှဆင်ပေးဖို့ သူက စဉ်းစားမိတာပါ။ ဒါဆိုရင် ဂေဟာကို အလည်ရောက်လာကြတဲ့ မိသားစုတွေက ခွေးလေးတွေအပေါ် ပိုမို ချစ်စိတ်ဝင်ပြီး မွေးစားဖို့ ဆုံးဖြတ်ကြမယ်လို့ သူက မျှော်လင့်နေပါတယ်။

Image Credits
ဒီလိုမျိုး တဖက်သားအပေါ် ကူညီချင်စိတ်၊ သနားစိတ်ရှိတဲ့ အဲဒီကောင်လေးရဲ့ ဘဝကလည်း အခက်အခဲတွေ အပြည့်ပါပဲ။ သူတဖက်သား ပြောတာကို နားလည်ဖို့၊ ပြန်ပြောဖို့ စတဲ့ ဖွံ့ဖြိုးမှု နောက်ကျခြင်းပြဿနာတွေကို အသက် (၂) နှစ်သားအရွယ်မှာ စတင် ခံစားခဲ့ရပြီး ကြွက်သားတွေရဲ့ လုပ်ဆောင်မှု အားနည်းနေတာကြောင့် ကောင်းကောင်းမွန်မွန် ကိုင်တွယ်ခြင်း မပြုနိုင်ခဲ့ပါဘူး။

Image Credits
ဒါပေမယ့် သူတပါးကို အလွန် ကူညီချင်တဲ့သူဟာ အသက် (၈) နှစ်အရွယ်မှာတင် အမဖြစ်သူ စက်ချုပ်တာကို တတ်နိုင်သလောက် ပါဝင်ကူညီပေးခဲ့ပါတယ်။ အဲဒီဝါသနာကြောင့် သူ့ရဲ့ ကြွက်သားတွေ ဖွံ့ဖြိုးတိုးတက်လာသလို စက်ချုပ်တဲ့နေရာမှာ သူက ပါရမီရှိနေတာကို သတိပြုမိလိုက်ပါတယ်။

အသက် (၁၁) နှစ်အရွယ်မှာ ကိုယ်ပိုင် စက်ချုပ်ကုမ္ပဏီတခုကို တည်ထောင်ခဲ့ပြီး ခွေးလေး၊ ကြောင်လေးတွေအတွက် လှပသပ်ရပ်တဲ့ ဘိုးတိုင်တွေ ဖန်တီးချုပ်လုပ်ပေးခဲ့ပါတယ်။

Image Credits
အဲဒီနောက်ပိုင်းမှာတော့ ဂေဟာမှာ ရှိတဲ့ ခွေးလေးတွေအတွက် သူ့ရဲ့ ဘိုးတိုင်တွေကို လှူဒါန်းသွားဖို့ အကြံရလာခဲ့ပါတယ်။

(၂၀၁၇) ခုနှစ်အတွင်း ဟာရီကိန်းမုန်တိုင်းတွေကြောင့် အမေရိကန် ပြည်ထောင်စုတလွှားမှာ အိမ်ခြေမဲ့ ခွေးလေးတွေ အဆမတန် များပြားလာပြီး ဂေဟာတွေမှာ နေရာလွတ် မရှိသလောက် ဖြစ်ကုန်ပါတယ်။ ကောင်လေးရဲ့ ဘိုးတိုင်တွေက နိုင်ငံအနှံ့မှာ ရှိနေတဲ့ ဂေဟာတွေဆီ ရောက်ရှိပြီး ခွေးလေးတွေကို ပိုပြီး ချစ်စရာကောင်းလာအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

Image Credits
သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်စေတနာကို ဂုဏ်ပြုတဲ့အနေနဲ့ ရုပ်သံအစီအစဉ်တွေ၊ စာနယ်ဇင်းတွေမှာ ဖော်ပြချီးကျူးခဲ့ကြပြီး အဲဒီအထဲမှာ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားလည်း ပါဝင်နေပါတယ်။

ချစ်ခြင်းမေတ္တာ ငတ်နေတဲ့ ခွေးလေးတွေအတွက် တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကူညီပေးနေသူ ကောင်လေးတစ်ယောက်အကြောင်း ဖတ်မိပြီး အခြားသူတွေလည်း အတုယူနိုင်စေဖို့ ဝေမျှပေးကြပါဦးနော်။

မိုင်လေး

Credit laikaspacemyanmar

Leave a Reply

Your email address will not be published.