Shwe Pann Thee Knowledge ဘယ်သူက အပျိုစစ်သလဲ

ဘယ်သူက အပျိုစစ်သလဲ



သူနဲ့ ကျမက ချစ်သူတွေပါ။ လက်ဖက်ရည် ကြိုက်တဲ့ ကျွန်မဟာ ဆိုင်မှာ ပူပူလေး ထိုင်သောက်ရ တာကို ကြိုက်နှစ်သက် ပါတယ်။ ဒီအခါ သူပြောလေ့ ရှိတာကတော့ “မင်းကွာ အပျိုလေး တန်မဲ့နဲ့ ဆိုင်ထိုင် ရသလား” တဲ့။

ကျွန်မ အော်ရယ်ပစ် လိုက်တယ်။ လူတွေ အများကြီး ရှေ့မှာ ဆိုင်ထိုင်ဖို့ရာကို သင့်တော်တယ် ဆိုတဲ့ ဆိုင်မှာ ရိုးသားတဲ့ အရည်ကို ရိုးသားစွာ သောက်နေတာ ပါရှင်။ ဒါပေမဲ့ မဖြေရှင်းတော့ ပါဘူး။

ကိုယ်မှန်တယ် ထင်ရင် မဖြေရှင်းပဲ ရွေးတဲ့လမ်းကို ဖြောင့်အောင် လျှောက်တတ်တာ ကျွန်မရဲ့ အကျင့်ကိုး။ ဟော ထပ်ပြီး ပြောပြန်ပြီ။ “မင်းကွာ အပျိုလေး ဖြစ်ပြီး ရယ်တာကြီး ကိုက” တဲ့။ ထုံးစံ အတိုင်း ကျွန်မ မဖြေရှင်းပါဘူး။


စာရင်းကိုင် တယောက် ဖြစ်တဲ့ ကျွန်မဟာ တခါတရံတော့ အလုပ် များပါတယ်။ ဒီအခါ အိမ်ပြန် နောက်ကျတတ်တဲ့ ကျွန်မကို “မင်းကွာ အပျိုလေး ဆိုတာ အိမ်ပြန် မိုးမချုပ်သင့်ဘူး” တဲ့။

ဒီလိုနဲ့ ချစ်သူဘဝကို ဖြတ်သန်းခဲ့ ပြီးတော့ သူလည်း နိုင်ငံခြားကို အလုပ် လုပ်ဖို့ ထွက်သွားပြီပေါ့။ သူ နိုင်ငံခြားသွားလို့ သိပ်မကြာခင်မှာပဲ ကျွန်မ တပည့်တယောက် ရခဲ့တယ်။ နာမည်က ချောချောတဲ့။ ကောင်မလေးရဲ့ မျက်နှာမှာ အထင်ရှားဆုံး ကတော့ ပါးနှစ်ဘက် လုံးမှာ ပါတဲ့ ပါးချိုင့်ပါပဲ။

LCCI (3) ကို ချောချောအိမ်မှာ Guide လုပ်ပေးဖို့ပေါ့။ စာမေးပွဲဖြေဖို့ နီးကပ်လာတဲ့ တနေ့မှာ မအောင်မှာ စိုးတဲ့ ကျွန်မ စာပြဖို့ စောစော အရောက် ချောချော ဆေးရုံ တင်ထားရတယ် လို့ ပြောတာနဲ့ ဆေးရုံကို လိုက်သွားမိတယ်။

ကိုယ်ဝန် (၂) လ ရှိတာ သိလို့ စိတ်ညစ်ပြီး ပိုးသတ်ဆေး သောက်တာတဲ့။ လူ ဦးလို့ပေါ့။ မသေကောင်း မပျောက်ကောင်းရှင်။ ကျွန်မလည်း အားပေးစကား ပြောပြီး အိမ်ပြန်လာ ခဲ့တယ်။ ကျွန်မ စိတ်ထဲ မရှင်းဘူးရှင်။

ကျွန်မ သိသလောက်တော့ ချောချောဟာ အိမ်သားတွေ မပါဘဲ အပြင် မထွက်တတ် ဘူးရှင့်။ ရော် ဘာတွေလဲကွယ်။ အဲဒီနေ့ ကတည်းက စကားပြောရင် ဖြေးညှင်းစွာ၊ ရယ်ရင်လည်း တိုးတိုးလေး ရယ်တတ်တဲ့ ပါးချိုင့် နှစ်ဘက်နဲ့ ချောချောကို နောက်ထပ် မတွေ့ရတော့ပါဘူး။

အချိန်တွေ ကြာလာခဲ့ပြီး တနေ့ မှာတော့ ဖိတ်စာ တစောင်နဲ့ စာအိတ် တလုံးကို ကျွန်မ ရခဲ့တယ်။ ဖိတ်စာက သူ့ရဲ့ မင်္ဂလာဆောင် ဖိတ်စာပေါ့၊ ဆက်ဆက် လာပါတဲ့။ သွေးကြောင်ရင် ဘေးချောင်မှာ ရပ်နေမှာပေါ့။ ကျွန်မ ဆက်ဆက် သွားမှာပါ။

စာအိတ်ကလည်း သူရေးထားတဲ့ စာပါပဲ။ ဆက်ဖတ်ဖို့ မလိုအပ် တော့ဘူးလို့ ထင်တာနဲ့ ဒီတိုင်းပဲ ပစ်ထားလိုက်တယ်။ မင်္ဂလာဆောင် ရက်မှာ အသဲမကွဲဘူးဟေ့ လို့ ပြချင်တဲ့ ကျွန်မ အလှဆုံးကို ပြင်ပစ်လိုက်တယ်။

အချစ်ဦးနဲ့ လွဲရပေမဲ့ အချစ်ဆုံးနဲ့ ဆုံနိုင်ခွင့် ရှိပါသေးတယ်ရှင်။ အချစ် မပါဘဲ ဘဝကို အောင်မြင်အောင် တည်ဆောက်ခဲ့တဲ့ သူတွေမှ အများကြီး ရှိပါတယ်။ ဟော လာနေပြီ။ မင်္ဂလာ မောင်နှံ။ သူရွေးတဲ့ သတိုးသမီးကို သေသေချာချာ ကြည့်မှ ပါးချိုင့်။

သတိုးသမီး မျက်နှာပေါ်က ထင်ရှားလှတဲ့ ပါးချိုင့်။ ချောချော။ သြော် သတိုးသမီးက ချောချောကိုး။ အိမ်ပြန်ရောက် တာနဲ့ ဖွင့်ဖောက်ဖတ်ဖို့ မလိုအပ်တော့ဘူး လို့ ထင်ပြီး ပစ်ထားတဲ့ သူ့ရဲ့ စာကို ချက်ချင်း ဖွင့်ကြည့်မိတယ်။ စာထဲ ပါတာကတော့

“ငါပြန်လာတာ နင့်ကို အသိ မပေးတာက အိမ်ထောင် ပြုတော့မှာ မို့ပဲ။ အိမ်က ရှာပေးတာ၊ ငါလည်း နှစ်သက်တယ်။ သူ့မှာ ငါကြိုက်တဲ့ အပျိုစင် အချက်တွေ ရှိတယ်” လေတဲ့။ ကျွန်မ ဒီစာကို မှန်ဘောင် သွင်းပြီး ရွှေကွပ် ထားလိုက်တယ်။

ကျမကို တသက်လုံး ရယ်နေအောင် လုပ်ပေးမဲ့ ဟာသ စစ်စစ် တပုဒ် အနေနဲ့ပေါ့။ ကျွန်မလေ ဝတ္တု မရေးတတ် လို့ပါ။ ရေးများ ရေးတတ် ရင်ဖြင့် ဝတ္တုခေါင်းစဉ် ကိုတော့ “ဘယ်သူ အပျိုစစ်သလဲ” လို့ ပေးမိမှာပါ။ ယဉ်မင်းဦး

Leave a Reply

Your email address will not be published.