Shwe Pann Thee Knowledge မတော်တဆ

မတော်တဆ



ဂျပန်နိုင်ငံ တောကျောင်းလေး တခုတွင် ဖြစ်သည်။ ဆရာရှိုဘက မျက်လုံးလေး မှိတ်ပြီး အနားယူ နေစဉ် တပည့် တဦးက “ဆရာ ပညာရှိ ဆိုတာ ဘယ်လိုလူကို ခေါ်တာပါလဲ ခင်ဗျာ” ဟု မေးလိုက်သည်။

ဆရာရှိုဘက မျက်လုံးကိုဖွင့် ပြုံးလိုက် ပြီးနောက် “ပညာရှိ ဆိုတာတာ သင်ကြားနေသူတွေ မဟုတ်၊ သင်ယူနေသူတွေ ဖြစ်တယ်တပည့်” ဟု ပြန်ဖြေ လိုက်သည်။

တပည့်က မကျေနပ်ဘဲ “ဆရာ ပညာရှိတဦး မဟုတ်ပါလား” “တပည့် ငါသည် ပညာရှိ မဟုတ်။ ငါ့ကို ပညာရှိဟု မခေါ်နိုင်” “အဘယ်ကြောင့်နည်း ဆရာ”

“တပည့် ပညာရှိ ဆိုသောသူ များသည် မတော်တဆ ဖြစ်လာသူများ ဖြစ်သည်”

“ဆရာ့အဖြေကို ဘဝင်မကျပါ။ ပညာရှိ ဆိုတာ ကြိုးစား အားထုတ်၍ မဟုတ်၊ မတော်တဆ ဖြစ်လာရသည် ဆိုသော ဆရာ့စကား ဘဝင်မကျ မိပါ”

အခြား တပည့်တဦး ကလည်း “ဒါဆိုရင် ဆရာလည်း ပညာရှိ ဖြစ်ပြီလား” “ငါသည် ပညာရှိ မဖြစ်သေးပါ”

နောက်တပည့် တဦးက “ဆရာ၊ ဆရာပြောတာ ပညာရှိ ဆိုတာ မတော်တဆ ဖြစ်လာတယ် လို့ ပြောတယ်။ သူတို့မှာ စဉ်းစား ဆင်ခြင်ဉာဏ် မရှိဘဲနဲ့တော့ ပညာရှင် ဖြစ်လာမယ် မထင်ဘူး။ မတော်တဆ ဆိုတာ မတော်တာကို ဆ နိုင်မှ ပညာရှိ ဖြစ်လာမယ် ထင်ပါတယ်”

ဆရာက ပြုံးလိုက်ပြီး “ဟုတ်တယ် မင်းလည်း ခုပဲ ပညာရှိ ဖြစ်လာပြီ ထင်တယ်” “ဘာကို ဆိုလိုပါသလဲ ဆရာ”

“ပညာရှိ ဆိုတာ ပြောသမျှ ငြိမ်ခံ၊ ပြန်မပြော၊ နားထောင် အလကားကောင်တွေ မဟုတ်ဘူးကွ။ ပညာရှိ ဆိုတာ မတော်တာတွေကို တွေ့နေ ရရင် နှိုင်းဆ ဝေဖန် ပြောဆို နိုင်တာမှ ပညာရှိကွ။

ဒါကြောင့် လူတိုင်း ပညာရှိ ဖြစ်နိုင်တယ်။ မတော်တာကို ဆ နိုင်မှ ပညာရှိကွ။ ဟုတ်လိုက်တာ ခုပဲ မင်းက ငါ့ကို အလင်းပြ သွားပြီ”

(Author: lu bo) Tin Nyunt

Leave a Reply

Your email address will not be published.