Shwe Pann Thee Global News တရုတ်ပြည်က ဂြိုလ်သား‌ရှာဖွေရေး တယ်လီစကုပ်ကြီးနှင့် ပုံမှန်မဟုတ်တဲ့ တွေ့ရှိမှု

တရုတ်ပြည်က ဂြိုလ်သား‌ရှာဖွေရေး တယ်လီစကုပ်ကြီးနှင့် ပုံမှန်မဟုတ်တဲ့ တွေ့ရှိမှု



ဒေါ်လာသန်း ၁၈၀ တန် စကိုင်းအိုင်းတယ်လီစကုပ်ကို အသုံးပြုရာမှာ ကမ္ဘာမြေပြင်ပမှ သက်ရှိလိုယူဆရတဲ့ အရာတွေရဲ့လှုပ်ရှားမှုတွေ တွေ့ခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံကွေ့ကျိုးဒေသမှာရှိတဲ့ ၁,၆၄၀ ပေအချင်းရှိတဲ့ ဧရာမ (Sky Eye) စကိုင်းအိုင်း တယ်လီစကုပ်ဟာ ပုံမှန်မဟုတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို တွေ့ရှိခဲ့ကြောင်း၊ ကမ္ဘာမြေပြင်ပမှ ဂြိုဟ်သားတွေတည်ရှိရာနေရာကနေ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားလိုက်ပါတယ်။

နည်းပညာဆိုင်ရာ တွေ့ရှိချက်တွေကို အမြဲတမ်း လွှင့်တင်နေတဲ့ တရုတ်အစိုးရ နည်းပညာ၀ဘ်ဆိုက် Science and Technology Daily က ဒီသတင်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ တင်ခဲ့တာပါ။

Sky Eye ဟာ အရင်က ရရှိဖူးတဲ့ အချက်ပြမှုတွေနဲ့ မတူတဲ့ ရေဒီယိုအချက်ပြမှုအသစ်ကို ရရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိပ္ပံပညာရှင် ကျန့်ထုံးကျယ်ရဲ့ ပြောကြားမှုကို ကိုးကားပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ကျ့န်ထုံးကျယ်ဟာ ပုဂ္ဂလိကနဲ့ တရုတ်အစိုးရ သိပ္ပံပညာရှင်တွေ ပူးပေါင်းဖွဲ့စည်းထားပြီး စကြာ၀ဠာထဲက သက်ရှိတွေ ရှာဖွေရေးအဖွဲ့ရဲ့ ခေါင်းဆောင်ပါ။

Sky Eye တယ်လီစကုပ်ဟာတရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကွေ့ကျိုးမြို့မှာ တည်ဆောက်ထားတာဖြစ်ပြီး ၂၀၂၀ ခုနှစ် စက်တင်ဘာမှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ပေါ်မှာ အကြီးမားဆုံး တယ်လီစကုပ်လည်း ဖြစ်ပါတယ်။

ပြင်ပသက်ရှိလှုပ်ရှားမှုသုတေသနအဖွဲ့က ၂၀၂၀ ခုနှစ်က သံသယဖြစ်ဖွယ်လှုပ်ရှားမှု ၂ ခုတွေ့ရှိခဲ့ပြီး ၂၀၂၂ အတွင်းမှာလည်း နေအဖွဲ့အစည်းစနစ်အပြင်ဘက်က ဂြိုဟ်တွေမှာ နောက်ထပ်သံသယဖြစ်ဖွယ်လှုပ်ရှားမှု တွေ့ရှိခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေက ရေဒီယိုလှိုင်းနှောင့်ယှက်မှုကြောင့် ဖြစ်နိုင်တာကြောင့် နောက်ထပ်လေ့လာခဲ့ကြပါသေးတယ်။

လက်ရှိအချိန်မှာ ကမ္ဘာမြေအပြင်ဘက်က သက်ရှိထင်ရှားရှိမှုမျိုး မတွေ့ရှိရသေးပေမယ့် ကမ္ဘာ့အပြင်ဘက် စကြဝဠာကြီးမှာ သက်ရှိတွေလုံးဝမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ စကိုင်းအိုင်းစက်ဝိုင်းတယ်လီစကုပ်ကြီးဟာ ဂြိုဟ်သားလှုပ်ရှားမှုမျိုးကို တွေ့ရှိနိုင်တဲ့ ကိရိယာကြီးဖြစ်ပါတယ်။

တစ်ခြားဂြိုဟ်ကမ္ဘာက သက်ရှိတွေရဲ့ ဆက်သွယ်မှုမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ ဒီသတင်းကို Science and Technology Daily က နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။ ဘာ့ကြောင့် ပြန်ဖျက်သွားလဲဆိုတာ တိတိကျကျ မသိရပါဘူး။

ဒါပေမယ့် တရုတ် ပြည်တွင်းသတင်းဌာနတွေက ဒီသတင်းကို တစ်ဆင့် ပြန်လည်ဖော်ပြကြသလို၊ တရုတ် ဆိုရှယ်မီဒီယာ Weibo မှာလည်း ပြန့်နှံ့သွားပါတယ်။

တရုတ်ရဲ့ Sky Eye တယ်လီစကုပ်ဟာ ကြိမ်နှုန်းနိမ့် (low-frequency) ရေဒီယိုလှိုင်းတွေကို အလွယ်တကူ ဖမ်းယူနိုင်ပါတယ်။ စကိုင်းအိုင်းတယ်လီစကုပ်ဟာ ပူအာတိုရီကိုက တယ်လီစကုပ်ထက် ၃ ဆကနေ ၅ ဆလောက်ပိုမိုတွေ့ရှိနိုင်ပြီး ဂြိုဟ်သားသက်ရှိတွေကိုရှာဖွေတွေ့ရှိနိုင်ဖို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။

စကိုင်းအိုင်းတယ်လီစကုပ်မဆောက်လုပ်ခင်မှာ ရွာတစ်ရွာဖျက်ဆီးခံလိုက်ရပြီး လျှပ်စစ်သံလိုက်လှိင်းနှောင့်ယှက်တာမျိုး မဖြစ်ဖို့အတွက် ၃ မိုင်ပတ်ပတ်လည်က လူပေါင်း ၉ ထောင်ကျော်ကိုပြောင်းရွှေ့ခိုင်းခဲ့ကာ တစ်ဦးစီကိုနစ်နာကြေးအဖြစ် ၁,၈၀၀ ဒေါ်လာပေးခဲ့ပါတယ်။

Credit

Leave a Reply

Your email address will not be published.